၂၉ - ဇွန် - ၂၀၀၈
အမ်စီအေ (ဘန်ကောက်အသင်းတော်)
အလယ်ရောက်ရှိသော ဒိန်းမတ်နိုင်ငံတွင် နေထိုင်ခွင့်ရသူ တဦးသက်သေခံချက်
မဘောက်ဂျာ (ဒိန်မတ်)

  ပထမဦးဆုံး အသင်းတော်မှ ကျမကိုသက်သေခံဘို့ ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အယောက်စီတိုင်း ကောင်းကြီးမင်္ဂလာကျရောက်ပါစေ။ ကျမ အခု သက်သေခံမဲ့ ကျမရဲ့အသက်တာမှာ အံ့သြဘွယ်ရာ ကောင်းကြီးခံစားရပါတယ်။ အရင်အပတ် စနေနေ့က ဒိန်းမတ်နိုင်ငံကနေ ကျမ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ၂ နှစ်နီးပါး ကျမနေခဲ့ပြီးပါပြီ။ ဘုရားရှင်ကို မမေ့နိုင်သလို ငပိကိုလည်း မမေ့နိုင်ပါဘူး။ ဒီကနေ့လည်း ငပိနဲ့ စားခဲ့ပါတယ်။ ဘယ်နိုင်ငံပဲရောက်ရောက် ဇာတိကတော့ ဇာတိပါပဲ။ အပြစ်သားကတော့ အပြစ်သားပါပဲ။ ဒီလိုပါပဲ ခေါင်းနီနဲ့ ခေါင်းမဲကတော့ ဘယ်လိုမှ ယှဉ်လို့မရဘူးပေါ့။ ဒါပေမဲ့ အဓိကကတော့ ကျမတို့ ဘယ်နေရာ၊ ဘယ်ချောင်ပဲ ရောက်ရောက် ကျမတို့ရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ သားသမီးတွေဟာ မပြောင်းလဲဘူးဆိုတာ သက်သေခံချင်ပါတယ်။

   ကျမ လွန်ခဲ့တဲ့အပတ်က ကျမသမီးကို ခေါ်ဖို့ လာတာဖြစ်ပါတယ်။ သားသမီး ၃ ယောက်ရှိတယ်။ သား ၂ ယောက်ကတော့ ဒိန်းမတ်နိုင်ငံမှာ ရောက်နေပြီဖြစ်ပါတယ်။ သမီးတယောက် ကျန်နေတာဖြစ်တဲ့အတွက် ကျမ လာခေါ်တာဖြစ်တယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျေးဇူးတော်ကြောင့် နယ်စပ်ကနေ သမီးကိုခေါ်လာတယ်။ သမီးက ရှေ့ကို ထွက်လာပါဦးဆိုတော့ အရမ်းရှက်နေတယ်။ အမေနဲ့လည်း မတွေ့တာကြာပြီဆိုတော့ နည်းနည်းစိမ်းနေတာပေါ့၊ အဲဒါကြောင့် သည်းခံပေးပါ . . လို့။ သမီးက သမီးက ဟိုမှာထိုင်နေတာ၊ ၁၁ နှစ်သမီးပါ။ ရှစ်နှစ်ရှိပြီ၊ သမီးနဲ့ ခွဲလာခဲ့ရတာ။ သမီး ၄ နှစ်အရွယ်ကတည်းက ခွဲခွါခဲ့ရတာဖြစ်ပါတယ်။ ကျေးဇူးတော်ကြောင့် .. (မတ်တပ်ထသော သမီး) အဲဒါ ကျမ သမီးဖြစ်ပါတယ်။ (လက်ခုတ်သံများ)။ အဲဒါ ကျွန်မလည်း စိုးရိမ်တယ်။

   ကျမ နိုင်ငံက အသင်းတော်ကနေ၊ ကျမရဲ့ အရာရှိတွေကပေါ့။ သူတို့ က စိုးရိမ်လို့ ကျွန်မကို လိပ်စာတွေ အများကြီးပေးလိုက်ပါတယ်။ တကယ်လို့ အခက်အခဲတွေ့ရင် အကူအညီတောင်းဖို့။ World Mission. ပြီးရင် Dennis Mission ဆိုပြီးမှ လိပ်စာတွေ အများကြီးပေးလိုက်တယ်။ ဒီရောက်တဲ့အခါကျတော့ ယုံကြည်သူတွေ အများကြီးရှိတာ ကျမတွေ့ရတယ်။ သူတို့လည်း မလိုအပ်တော့ဘူး။ ဘုရားရှင်ရှိတယ်။ ဘုရားရှင်ရဲ့ နာမတော်နဲ့ သွားမယ်ဆိုပြီးမှ ကျမ ဆုတောင်းပြီးတော့ ဘယ်နေရာကိုမှ ကွန်တက် မလုပ်ဘူး။ ဒီအတိုင်းပဲ လမ်းမှာလည်း ဆုတောင်းပြီးတော့လာတယ်။ ဆုတောင်းခြင်းနဲ့အတူ ဘုရားရှင် ဒီအထိပို့ဆောင်ပေးတဲ့အတွက် ဘုရားရဲ့ နာမတော် အရမ်းဘုန်ကြီးပါတယ်။ ကျမ အရမ်းကျေးဇူးတော် ချီးမွမ်းလို့ မကုန်နိုင်ပါဘူး။

   ကျွန်မ ဒိန်းမတ်နိုင်ငံ ရောက်ခဲ့တုန်းက လုံးဝ စိတ်မချမ်းသာဘူးလို့ ဟိုတပတ်မှာ သက်သေခံခဲ့ပါတယ်။ အဲဒီကနေ အဆက်ပြောမှာ ဖြစ်ပါတယ်။ (ရယ်သံများ)။ ကျွန်မ ဆုတောင်းထားတာက အင်္ဂလိပ်စကား မတောက်တခေါက် တတ်ထားတော့ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံကို ရချင်တာ။ ပထမဦးဆုံး ဘုရားရဲ့အလိုတော်အတိုင်း အကောင်းဆုံး ပို့ဆောင်ပါလို့ ဆုတောင်းပြီးတော့ နောက်ပိုင်းကျတော့ ကျမ USA ကိုရချင်တယ် ဆိုပြီး ပြန်ပြီးဆုတောင်းတယ်။ အဲဒါနဲ့ ကျမအသိတယောက်ရဲ့ လိပ်စာကိုပေးဖို့ ရုံးကိုသွားတယ်။ ဒါပေမဲ့ အဲဒီမှာ လိပ်စာပေးလိုက်ရင် အရမ်းကြာတတ်တယ်။ ၂နှစ်   ၃ နှစ် စောင့်ရတယ်လို့ပြောတာနဲ့ ကျမ လိပ်စာမပေးပဲ ပြန်လာတယ်။ ဘုရားရှင်မှာ ဆုတောင်းမယ်။ လူတွေအပေါ် မတောင်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ကျမ ပြန်လာတယ်။ ပြန်လာပြီးတော့ သိပ်မကြာဘူး၊ ၂၀၀၅ ဒီဇင်ဘာလမှာ ကဒ်ရတယ်။ ပြီးတော့ ၂၀၀၆ ဖေဖေါ်ဝါရီလမှာ ကျမကို UN ရုံးက ခေါ်တယ်။ မင်းက ဒိန်းမတ်နိုင်ငံကိုရတယ်။ အင်တာဗျူးလာခဲ့ပါလို့ပြောတော့ ကျမ အရမ်းကို ၀မ်းနည်းတာ။ ဘုရားရှင် ဘာဖြစ်လို့ ကျမ အကြောက်ဆုံး ဒိန်းမတ်၊ ဒိန်းမတ်ဆို ကျမ လုံးဝမရချင်ဘူး။ အကြောက်ဆုံး ဒိန်းမတ်ကို ကျမကို ဘာဖြစ်လို့ပေးတာလဲ။ ကျမ စိတ်ထဲမှာ လုံးဝမပျော်ဘူး။ တနေကုန် ငိုရမလို၊ ရီရမလို ဖြစ်နေတာ။ စကား လည်း မပြောချင်ဘူး။ ထမင်းလည်း မစားချင်ဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။
 
   နောက်ဆုံးတော့ သြော် - ကျမဆုတောင်းထားတာ၊ အကောင်းဆုံး ကျမကို စီစဉ်တာပဲ နေမှာ ဆိုပြီးတော့ အလိုတော်ကို ၀န်ခံလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မပျော်ဘူးပေါ့။ ကျမစိတ်ကလည်း ခဏ ခဏ ဖေါက်ပြန်နေတာ။ ဘယ်လိုဖေါက်ပြန်နေသလဲ ဆိုတော့ မသွားချင်ဘူးလို့ ပြောလိုက်ရင် ကျမကို ပစ်ထားမှာဆိုပြီး ကျမ ဗမာဥာဏ် သုံးလိုက်တာ။ ဘယ်လိုလဲဆိုတော့ ဟဲ ဟဲ။ ဗမာဥာဏ်ဆိုတော့ ငပိဥာဏ်ပေါ့။ အားလုံးပေါ့။ ကျမ သင်တန်းလည်း သွားတက်မယ်။ အင်တာဗျူးလည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အင်တာဗျူးနဲ့ သင်တန်းက တပတ် ၅ ရက် သွားရတယ်။ ပြီးတော့ ကျမက အဆက်အသွယ် Contact တခုခုမရလို့ ပျက်ကွက်သွားတဲ့ ပုံစံနဲ့လုပ်မယ်  ဆိုပြီးတော့ ဆုံးဖြက်လိုက်တယ်။
   ဒါပေမဲ့ ဘုရားရှင်က ကျမကို ဘယ်လို ဒဏ်ခတ်တာလဲဆိုတော့ ကျမ အလုပ်လုပ်နေရင်းက ပိုက်ဆံ ဘယ်တော့မှ မစုမိဘူး။ ဟိုကိုပေး၊ ဒီကိုပေး နဲ့  ကျမလက်ထဲမှာ ပိုက်ဆံမရှိဘူး။ သား၂ယောက် ရောက်လာတဲ့အခါမှာတော့ ကျမ အရမ်း ဒုက္ခရောက်တာ။ လက်ထဲမှာ နည်းနည်းစုတားတာ သားတွေရောက်တဲ့နေ့ပဲ အကုန်လုံး ပွဲစားကိုပေးလိုက်တယ်။ အလုပ်လဲ အဲဒီနေ့ပဲ အလုပ်ပြုတ်သွားတယ်။ အဲဒါနဲ့  သားနှစ်ယောက်နဲ့ ကျမအတွက် သူဌေးက နေဖို့တော့ပေးတယ်။ သူဌေးက ဆိုင်၃ ဆိုင်ရှိတယ်။ တဆိုင်ကို ရောင်းမကောင်းလို့ ဆိုင်ပြင်မယ် ဆိုပြီး သူဌေးက ပိတ်ပစ်လိုက်တယ်။ အဲဒါနဲ့ တပါတ်စောင့်ရင်လဲ ဆိုင်ကပြန်မဖွင့်ဘူး။ သားအမိတွေက လုံးဝ စားစရာမရှိတော့ဘူး။ ကျမ ၆နှစ်နေခဲ့ပေမဲ့ အဲဒီနေမြေကို ကျမစရောက်ဖူးတာဆိုတော့ အသိတွေလည်း မရှိဘူး။ ချင်းလူမျိုး ၂ ယောက်နဲ့ မွန်တယောက်၊ ကျမတို့ ၄ ယောက်လုပ်ကြတယ်။ သူတို့လဲ ရွာလည်ကုန်တယ်။ သူတို့လည်း ထမင်းတနပ်ကို ရင်ဂစ် (Malaysia Ringig) ၂ကျပ်၊ ၃ကျပ် ပေးစားရတဲ့နေရာကို သွားလိုက်ရော။ အဲဒါနဲ့ ချေးဖို့ နေရာလည်းမရှိဘူး။ ဖုန်းဆက်ဖို့ဟာလည်း ဖုန်းကဒ်ထဲမှာ ခေါ်ဖို့ ပိုက်ဆံလည်း မရှိဘူး။ UN ရုံးကခေါ်တယ်။ (မလေးရှာ Mobile များတွင် Incoming Free ဖြစ်သည်။) ကဒ်လာယူဖို့ပြောတော့ သွားယူဖို့လည်း လမ်းစရိတ်မရှိဘူး။ အဲဒါနဲ့ အရမ်း . . စိတ်ပျက်တာ။ တရက်တော့ သားအမိ ၃ ယောက် ဆန်ပြုတ်စားတယ်။ ဆန်ပြုတ်ထဲမှာ ဘာမှမထည့်ဘူး။ မလေးလိုပြောမယ်ဆိုရင်တော့ ကော်ဆန်းပေါ့။ ဘာမှ မထည့်ဘူး။ ဆန်ပြုတ်ဆို ဆန်ပြုတ်ပဲ၊ ဒီအတိုင်းစားရတယ်။ အိုး . . ဒီလောက်ဒုက္ခရောက်တာ မကြုံဖူးဘူး ဆိုပြီး ကျမ အရမ်းဝမ်းနည်းတာ။ နောက်တရက်ကျတော့ ဘာနဲ့စားသလဲဆိုတော့ ထမင်း ဒီအတိုင်းချက်ပြီး၊ ဆီဆမ်းပြီးတော့ ဆားနဲ့စားတယ်။ ကျမ မစားနိုင်ဘူး။ ကလေး၂ယောက်က စားနိုင်သေးတယ်။ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒူးထောက်ဆုတောင်းတယ်။ မျက်ရည်နဲ့။ သား၂ယောက်လည်း ဆုတောင်းတယ်။ အို ဘုရားရှင် လုံလောက်တဲ့အစာကို ပေးသနားတော်မူပါ လို့ သား၂ယောက်က ဆုတောင်းတယ်။ ကျမကတော့ အလုပ်ရဖို့ ဆုတောင်းတယ်။ ဒူးထောက်ဆုတောင်းတယ်။ တရက်ကို ဘယ်နှစ်ကြိမ် ဆုတောင်းလဲဆိုတာလည်း မသိတော့ဘူး။ ဘာပြောမလဲဆိုတော့ ဒီလို အရမ်းဒုက္ခရောက်တာ။ ဒီလိုဘ၀မျိုးကနေ ဘယ်လိုကျွတ်မလဲ။ လုံးဝ လွတ်လမ်းမရှိတော့ဘူးလို့ အဲဒီလိုတောင် ခံစားရတယ်။ ဒါပေမဲ့ သြော် ဘုရားရှင်က တရက်ကျရင် .. ဒါနဲ့ တပါတ်လောက်ရှိသွားပြီးတဲ့အချိန်မှာ သူဌေးက ဆိုင်ပြင်ဖို့ လာခဲ့တာ။ ဒါနဲ့ ကျမ ပိုက်ဆံသွားချေးမယ် ဆိုပြီး ကျမက ဗမာပြည်မှာနေတုံးက စီးပွားရေးလုပ်လာတာဆိုတော့ နည်းနည်း မာနက မလျှော့သေးဖူး။ သွားချေးချင်စိတ်ကို လုံဝကို မသွားရဲဘူး။ အဲဒီလို ဖြစ်နေတာ။
  
    အဲဒီသူဌေးက ဘာလဲဆိုတော့ သူက အင်္ဂလိပ်စကားမပြောတတ်ဘူး။ သူက တရုပ်ပဲ။ ဒါပေမဲ့ သူက ကွာရီး စကားပြောတယ်။ ကျမလည်း ကွမ်းတုံ တရုပ် နည်းနည်းရတယ်။ အင်္ဂလိပ်စကား နည်းနည်းရတယ်။ မလေးစကား ကျမ သိပ်မရဘူး။ အဲဒါနဲ့ ဒုက္ခရောက်နေတာ ပြောဖို့ရာ မွန်ကောင်လေးကို ကျမခေါ်တယ်။ ကျမကို ကူညီပါအုံး။ စကားပြန်လုပ်ပေးပါဦးလို့ သွားပြောတယ်။ အပြင်မှာ အကြာကြီးရပ်နေတာ မပြောရဲဘူး။ ဟိုသွား သည်သွားနဲ့။ သူဌေးက ကျမကို ကြည့်နေတာ။ ကျမ အရမ်း... ကြောက်တာ။ ရှက်လဲ ရှက်တယ်။ အဲဒါနဲ့ မတတ်နိုင်ဘူး။ ဆုတောင်းပြီး သွားပြောမယ်ဆိုပြီး သွားတယ်။ သွားပြောတော့ သူဌေးကို ပြောတယ်။ ကျမ စကားပြောချင်တယ် လို့ အင်္ဂလိပ်လို ပြောတယ်။ သူကလည်း နားလည်တယ်။ ရတယ်တဲ့။ ကျမမှာ စားစရာမရှိတော့ဘူး။ ကလေး၂ယောက်နဲ့ စားစရာမရှိတော့ဘူး လို့၊ ဆန်ပြုတ်ပြုတ်စားတယ်လို့ ကျမက ပြောလိုက်တယ်။ ဘယ်လောက်ချေးမလဲ မေးတော့ ၅၀ ချေးမယ်လို့ပြောလိုက်တယ်။ သားအမိ ၃ ယောက် ဘယ်လောက်မလဲ ဆိုပြီးတော့ ၁၀၀ ပေးလိုက်တယ်။ ကျေးဇူးတော်ကြောင့် ဟာလေလုယ။ မင်းအလုပ်မရှိဘူး၊ အိမ်ကိုလိုက်ခဲ့လို့ပြောတော့ သား၂ယောက်အတွက် ဟင်းတွေဝယ်ထားပေးပြီး လိုက်သွားတယ်။ အဲဒီမှာ ဆိုင် ၂ ဆိုင်ရှိသေးတော့ တခါတလေ ည ၁၁ နာရီမှ အလုပ်ပြီးတယ်။ အိပ်ရေး အရမ်းပျက်ပြီး မခံနိုင်ဘူး။ UN ရုံးကလည်း ခေါ်နေတော့ သူဌေးအဖေ အင်္ဂလိပ်စကား နည်းနည်းတတ်လို့ ပြောပြလိုက်တော့ သူတို့က ကျမသား၂ယောက်ကိုပါ ခေါ်ပြီး UN ရုံးမှာ ကဒ်သွားလုပ်တယ်။ မနက် ၄ နာရီထပြီး သင်တန်းသွားရတယ်။ ဒိန်းမတ်ကို သွားဖို့ A, B, C ဒိန်းမတ်စကား နည်းနည်း သင်ရသေးတယ်။ အဲဒီမှာ တရက်တော့ အိပ်ရေးပျက်နဲ့ အရုံကြောသိပ်မကောင်းတော့ အလုပ်မှာ ဂတ်စ်အိုးကြီးနဲ့ ချက်ရတာဆိုတော့ သတင်းစာအစကို မီးရှို့ပြီး ဂတ်စ်မီးဖိုလုပ်ရတာ မှားသွားတော့ ဂတ်စ်အိုးကိုက ဖုန်း... ဆို။ ကျမလည်း ပက်လက်လန်သွားတယ်။ ပြီးတော့ ထပြီး ခါးထောက်ရပ်နေတုံး သူဌေးအိမ်လာတဲ့ အဖိုးကြီးကရောက်လာပြီး အံသြလို့  ငါမင်းကိုထင်တာ မဲမဲကြုတ်ကြုတ်နဲ့ လောင်ပြီးတော့ ပက်လက်လန်နေမယ်ထင်တာ။ ကျမ ဘုရားကျေးဇူးတော်ပဲ။ အကုန်လုံးလောင်သွားတာ ရှေ့က မျက်ခုံးမွှေးတွေရော ဘာမှမရှိတော့ဘူ။ နဖူး၊ဆံပင် အကုန်လုံးလောင်သွားတာ ဒိန်းမတ်ရောက်တဲ့အထိ ကျမ မျက်ခုံးမွှေးတွေမရှိဘူး။ ဒီအတိုင်းလိုက်သွားတယ်။ (ရယ်သံများ)။ ကျမကလည်း အလုပ်ရှုပ်တယ်ဆိုတော့ မျက်ခုံးမွှေးတွေလဲ မဆိုးတတ်ဘူး။ အလှလဲ မပြင်တတ်တော့ ဒီတိုင်းသွားတယ်။ တခါတလေ သားတယောက်ကို ရေချိုးပြီး အမေ့ကို မျက်ခုံးမွှေးဆိုးဖို့သတိပေးအုံးဆိုလဲ မရဘူး။ တနေ့ရထားပေါ်မှာ မျက်ခုံးမွေးဘာမှမရှိဘူး ဆိုပြီး ကလေးတွေကို ပြောရတယ်။ အဲဒီလိုနဲ့ ဒိန်မတ်နိုင်ငံကိုသွားပြီးတော့ အံ့သြဘွယ်ရာ ကောင်းကြီးခံစားရတယ် နော်...

    သူများနဲ့မတူတဲ့ မုဆိုးမ ထောက်ပံကြေးရတယ်။ ကလေး၂ယောက်ကိုလည်း အံ့သြစရာကောင်းတယ်။ တခြား Refugee တွေနဲ့မတူအောင် အခုချိန်ထိ တနှစ်ကျော် ၂ နှစ်ပြည့်တော့မယ်၊ Taxi နဲ့ပဲ ကျောင်းကြို၊ ပို့ လုပ်ပေးတယ်။ အရမ်းကို ဂရုစိုက်တယ်။ အရမ်းပဲ ကောင်းကြီးခံစားရပါတယ်။ အသင်းတော်မှာ ရောက်နေတဲ့ ဆရာတွေအားလုံးကိုလည်း ဖိတ်ခေါ်ပါချင်တယ်။ ဒီအသင်းတော်မှာ ဗမာပြည်က Top mission ဆရာတွေလည်း ရောက်တယ်လို့ ကြားရတယ်။ ယုံကြည်ခြင်းနဲ့ ပိုက်ဆံမရှိရင်လဲ ရောက်နိုင်ပါတယ်။ ဒိန်းမတ်မှာ ဘာသာရေးနဲ့ပတ်သက်ရင် ပါလီမန်မှာ အဖွဲ့ရှိတယ်။ Mission ဆိုရင် ကားနဲ့ကြိုပို့လုပ်ပေးတယ်လို့လည်း ကြားထားပါတယ်။ ဆရာတွေလည်း ဘန်ကောက်အထိတင်ပဲ မရပ်  ကျမ်းစာအတိုင်း ငါ၏ျနှုတ်ကပတ်တော်ကို ကမ္ဘာစွန်းတိုင် ဟောကြားကြလော့ လို့တွေ့ရပါတယ်။ ဘန်ကောက်ဟာ မီးပွိုင့်ပဲရှိပါသေးတယ်။ လမ်းတွေအများကြီးရှိပါသေးတယ်။

   ဒိန်းမတ်နိုင်ငံဟာ ဗမာပြည်နေတုံးက နို့နဲ့ ဒိန်ချဉ်၊ဒိန်ခဲ ထွက်တယ်လို့ပဲသိတယ်။ ဘာမှမသိဘူး။ အဲဒီနိုင်ငံမှာ ဘုရားရှင်ကောင်းကြီးအများကြီးရှိတာဆိုတာကို ကျမ သက်သေခံချင်ပါတယ်။ ဒီနိုင်ငံမှာ လူပေါင်း ၅ သန်းကျော်ပဲရှိတယ်။ ၀က်ကတော့ လူထက် တဆ ကျော်လောက်ရှိတယ်။ ၀က်သား အရမ်းဈေးပေါတယ်။ နို့တွေအများကြီးထွက်တယ်။ လေအားလျှပ်စစ်ထုတ်တဲ့ ပန်ကာ အကြီးကြီးတွေ၊ နေရာတကာမှာ သဘာဝ လေအားနဲ့ လျှပ်စစ်ထုတ် ရောင်းစားတာနဲ့ အများကြီးချမ်းသာတယ်။ ပြီးတော့ ဘီယာ တွတ်ဘော့ ဆိုလား ကျမလည်း ဘီယာမသောက်တော့ မသိဘူး။ ရေထက် ဘီယာကပိုဈေးပေါတယ်။ အရက်သမားတွေအတွက်တော့ အရမ်းကောင်းတာပေါ့လေ နော... (ရယ်သံများ)။ ရေကတော့ ဈေးကြီးတယ်။ အိမ်သာကရေလည်း သောက်လို့ရတယ်။ ရေက ကျွန်းပေါင်း ၄၀၀ ပေါင်းထားတဲ့နိုင်ငံမှာ ရေကို သေချာသန့်ထားတော့ အိမ်သာ၊ နေရာတကာမှာ ရေကိုသောက်လို့ရတယ်။ အံ့သြဘွယ်ရာ ကျမလည်း မပြောတတ်တော့ဘူ။ ဆရာတို့ အားလုံးလာလည်မှပဲ ဒီနိုင်ငံရဲ့ အံ့သြဘွယ်ရမျာကို တွေ့ရှိပြီး ဗမာပြည်ကိုဝေငှနိုင်မှာပါ။

   ဘုရားသခင် အားလုံးကို ကောင်းကြီးပေးပါစေ။

The End.....
13-Jul-2008


Media of Gospel from MCA Bangkok  
Myanmar Christian Assembly 196 Ekamai Soi 16, Sukhumvit 93, Bangkok Thailand Senior Pastor Rev.UZawMin 0815633502 cokezim@gmail.com SkypeIn# bamarman Senior Pastor Rev. LaZum TuJa 0814977072  harvest50m@hotmail.com, Assistant Rev.Saiaye 0841038844 sai373@gmail.com, Music Pastor SaYar UMahnTunmya0813445410  mahntunmya@gmail.com,

 

 


Bangkok - 2008

 


Rev. U Tin Mg Tun

Sermon Book 97-99


 

Who are Online

 


Rev. Dr Kyaw Win

 

 



 


Video Google MCA

Sermons from
many Rev..

 

 

 


Judson (Singapore)


 


Calvary (Bangkok)

 

Myanmar Audio Semons        

 

  

 

   
www.BurmeseBible.com